ဆေးတက္ကသိုလ်(၁)ရန်ကုန် - တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် (၂၀၂၄)

ကျွန်ုပ်တို့ ဆေးတက္ကသိုလ်(၁)ရန်ကုန် ယာယီတက္ကသိုလ်ကောင်စီသည် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ၌ ပါဝင်ကြသော ကျောင်းသားကျောင်းသူများ၏ ပညာသင်ယူခွင့် မဆုံးရှုံးစေရေးအတွက် တစ်စိုက်မက်မက်ကြိုးစားဆောင်ရွက်လျက်ရှိသည်။ တော်လှန်ရေးကာလအတွင်း ဆေးတက္ကသိုလ်(၁)ရန်ကုန်၌ တက်ရောက်ဆဲဖြစ်သော CDM ကျောင်းသားကျောင်းသူများအတွက် သက်ဆိုင်ရာအတန်းအလိုက် သင်ကြားရေးကိစ္စရပ်များကိုဆောင်ရွက်ပေးနေပြီး ကျောင်းသားကျောင်းသူများ လိုအပ်သော ပညာရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကိုလည်း တတ်စွမ်းသမျှ ထုတ်ပြန် ဆောင်ရွက်ပေးလျက်ရှိသည်။

တော်လှန်ရေးကာလကြာမြင့်လာသည်နှင့်အမျှ တက္ကသိုလ်တက်ရောက်ရန် ကြာမြင့်စွာ စောင့်ဆိုင်းနေကြရသော ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် CDM ကျောင်းသားကျောင်းသူများအတွက် လည်းကောင်း၊ စစ်ကျွန်ပညာရေးကိုလက်မခံဘဲ မိမိအစီအစဉ်ဖြင့် အထက်တန်းပညာကို ပြီးဆုံးအောင် ကြိုးပမ်းထားကြသော CDM ကျောင်းသားကျောင်းသူများအတွက်လည်းကောင်း ဆေးတက္ကသိုလ်(၁)ရန်ကုန် ယာယီတက္ကသိုလ်ကောင်စီအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန အပါအဝင် ညီနောင် တက္ကသိုလ်များနှင့် လက်တွဲညှိနှိုင်း၍ ဤတက္ကသိုလ်ဝင်ခွင့် ခေါ်ယူခြင်းကို ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

(အောက်ဖော်ပြပါ ဝင်ခွင့်သတ်မှတ်ချက်များသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြားကာလတက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန် (ဇွန်လ၊ ၂၀၂၄ ခုနှစ်) တွင် ပါရှိသော ဆေးတက္ကသိုလ်(၁)ရန်ကုန်နှင့်သက်ဆိုင်သည့် ဝင်ခွင့်သတ်မှတ်ချက်များကို ကောက်နှုတ်ထားခြင်းဖြစ်သည်။ ကြားကာလတက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန် (ဇွန်လ၊ ၂၀၂၄ ခုနှစ်) အပြည့်အစုံကို (ဤနေရာ) တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။)

——————–

ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ယာယီတက္ကသိုလ်ကောင်စီ၏ ဆေးပညာဘွဲ့ [ Bachelor of Medicine, Bachelor of Surgery (MBBS) ] သင်တန်းသို့ အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ ဆန္ဒပြု လျှောက်ထားနိုင်ပါသည်။

(၁)  ဤတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ‌ စတင်ခေါ်ယူသည့်အချိန်တွင် အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

(၂)  ဤတက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်း မတိုင်မီ ပြည်တွင်းအစိုးရတက္ကသိုလ်တစ်ခုခုသို့ တက်ရောက်နေခြင်း (သို့မဟုတ်) တက်ရောက်ခဲ့ခြင်း မရှိဖူးသူဖြစ်ရမည်။

(၃) အောက်ပါပညာအရည်အချင်းသတ်မှတ်ချက် တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။

(က) ၂၀၂၀ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူများ

  • (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ) သိပ္ပံတွဲဖြင့် အောင်မြင်ခဲ့သူ ဖြစ်ရမည်။
  • ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်တို့တွင် ရမှတ် (၇၀) နှင့်အထက် ရရှိသူ ဖြစ်ရမည်။
  • အင်္ဂလိပ်စာရမှတ် (၆၀) နှင့်အထက် ရရှိသူ ဖြစ်ရမည်။
  • စုစုပေါင်းရမှတ်ကို ကန့်သတ်ထားမည် မဟုတ်ပါ။

(ခ) အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] ကို ပြီးမြောက်ထားသူများ

  • (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ) သိပ္ပံတွဲဖြင့် ဖြေဆိုထားသူ ဖြစ်ရမည်။
  • ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်တို့တွင် ရမှတ်အဆင့် B* နှင့်အထက် ရရှိသူ ဖြစ်ရမည်။
  • အင်္ဂလိပ်စာ ရမှတ်အဆင့် B နှင့်အထက် ရရှိသူ ဖြစ်ရမည်။
  • မြန်မာစာ နှင့် သင်္ချာ ရမှတ်အဆင့် C နှင့်အထက် ရရှိသူ ဖြစ်ရမည်။

(ဂ) တိုင်းရင်းသား ပညာရေးအဖွဲ့အစည်းများ၊ နယ်စပ်ဒေသ အခြေစိုက် ပညာရေးအဖွဲ့အစည်းများ၊ အကြောင်း အမျိုးမျိုးကြောင့် နယ်စပ်ဒေသများသို့ ရွှေ့ပြောင်းအခြေချနေထိုင်ကြရသည့် ရွှေ့ပြောင်းလုပ်သားများနှင့် ရွှေ့ပြောင်းမိသားစုဝင်များအတွက် ဆောင်ရွက်နေသည့် ပညာရေးအဖွဲ့အစည်းများမှ အထက်တန်းပညာ ပြီးမြောက်အောင်မြင်ထားသူများ

  • အမှတ်စဉ် ၃(က) နှင့် ၃(ခ) ပါ အရည်အချင်းနှင့် ညီမျှသော အရည်အချင်း ရရှိထားသူများ ဖြစ်ရမည်။
  • သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းများမှ ထုတ်ပြန်ပေးသည့် ပညာရေးဆိုင်ရာ အထောက်အထားများ တင်ပြနိုင်ရမည်။

(ဃ)  GED (General Education Development) စာမေးပွဲကို ဖြေဆိုအောင်မြင်ထားသူများ

  • Science ဘာသာရပ်ရမှတ် 165 နှင့်အထက် ရရှိထားပြီး
  • Reasoning Through Language Arts (RLA), Mathematical Reasoning, Social Studies တို့တွင် ရမှတ် 145 နှင့်အထက် ရရှိသူများ ဖြစ်ရမည်။

(င) IGCSE (International General Certificate of Secondary Education) စာမေးပွဲကို ဖြေဆို အောင်မြင်ထားသူများ

  • Biology, Chemistry, English as second language, Human Biology, Mathematics B, Physics တို့ ပါဝင်သော ရမှတ်ဖြစ်ရမည် ဖြစ်ပြီး အနည်းဆုံးရမှတ်သည် IGCSE A*- G Grading System အရ Grade B နှင့်အထက် ရရှိသူများ ဖြစ်ရမည်။

(၄) ဝင်ခွင့်ရရှိပြီးနောက် တော်လှန်ရေးအောင်မြင်ချိန်တွင် မြေပြင်တက္ကသိုလ်ပရဝုဏ်သို့ လာရောက်၍ ဆက်လက် တက်ရောက်နိုင်သူဖြစ်ရမည်။

ဆေးတက္ကသိုလ်(၁)ရန်ကုန်သို့ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် အဆင့်များ

(၁) မြန်မာ့ပညာရေးစနစ် (MES) တွင် စာရင်းပေးသွင်းခြင်းနှင့် လိုအပ်သော စာရွက်စာတမ်းများ တင်သွင်းခြင်း

(၂) ဆေးတက္ကသိုလ်(၁)ရန်ကုန် တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့သို့ ကိုယ်ရေးအချက်အလက်များ၊ ခံဝန်ချက် နှင့် ဆေးပညာသင်ယူရန် ရွေးချယ်ရသည့် အကြောင်း ကိုယ်တိုင်ရေးစာမူ တင်သွင်းခြင်း

(၃) စိတ်ကျန်းမာရေးအခြေအနေနှင့် လူတွေ့စစ်ဆေးမှု ခံယူခြင်း

  • မှတ်ချက် – အဆင့် (၁) နှင့် (၂) တွင် တင်ပြထားသော အချက်အလက်များအပေါ်တွင်စိစစ်၍ ပဏာမ ရွေးချယ်ထားသူများ ကိုသာ အဆင့် (၃) သို့ ဝင်ရောက်ရန် အကြောင်းကြားသွားမည်ဖြစ်သည်။ ဆေးတက္ကသိုလ်(၁)ရန်ကုန် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးအဖွဲ့၏ အဆုံးအဖြတ်သည် အပြီးအပြတ် အတည်ဖြစ်သည်။

မြန်မာပညာရေးစနစ် [ Myanmar Education System (MES) ] – https://mes.moeedu.org/login

MES မှတဆင့် ဝင်ခွင့်လျှောက်ထားရန် လမ်းညွှန် – ဤနေရာတွင် သွားရောက်ရယူပါ။

MES နှင့် ပတ်သတ်သော မေးခွန်းများအတွက် ဆက်သွယ်ရန် – https://t.me/UniversityEntranceHandbookNUGMoE

ဆေးတက္ကသိုလ်(၁)ရန်ကုန်၏ တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ သီးသန့် telegram channel –  https://t.me/um1ygn_uni_entrance_info

မိမိ၏ MES အတွင်းမှ အသိပေးဖော်ပြချက် အခြေအနေများ၊ မိမိ၏အီးမေးလ်နှင့် ကျွန်ုပ်တို့ ဆေးတက္ကသိုလ်(၁)ရန်ကုန်၏ UM 1 Ygn – University Entrance information Telegram Channel (UM1 IUC) (https://t.me/um1ygn_uni_entrance_info (သို့မဟုတ်) @um1ygn_uni_entrance_info) ကိုလည်း နေ့စဉ်စစ်ဆေးရန် အထူး လိုအပ်ပါသည်။

တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရာတွင် ဝင်ခွင့်သတ်မှတ်ချက် တစ်ခုချင်းစီအတွင်း ဘာသာရပ်ရမှတ်များနှင့် စုစုပေါင်းရမှတ် တို့ကို ရမှတ်အများဆုံးမှနည်းရာသို့ စီစဉ်ကာ တန်းစီဇယားစနစ်ဖြင့် လက်ခံနိုင်သော သတ်မှတ်လူဦးရေ ပြည့်သည်အထိ စီတန်း စီစဉ်ခေါ်ယူမည်ဖြစ်ပါသည်။ ဝင်ခွင့်သတ်မှတ်ချက်များအလိုက် ဦးစားပေးခေါ်ယူမည့် အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဦးစားပေး (၁)      ၂၀၂၀ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူများ
  • ဦးစားပေး (၂)      BECA အောင်မြင်ထားသူများ
  • ဦးစားပေး (၃)      တိုင်းရင်းသား ပညာရေးအဖွဲ့အစည်းများ၊ နယ်စပ်ဒေသ အခြေစိုက် ပညာရေးအဖွဲ့အစည်းများနှင့် နှီးနွယ် ပညာရေးအဖွဲ့အစည်းများမှ အထက်တန်းပညာ ပြီးမြောက်အောင်မြင်ထားသူများ
  • ဦးစားပေး (၄)      GED နှင့် IGCSE စာမေးပွဲများကို ဖြေဆိုအောင်မြင်ထားသူများ

ကျွနိုပ်တို့၏ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ တက္ကသိုလ်ဝင်ခွင့်အတွက် တန်းစီဇယားတွင် အဆင့်ထပ်နေခြင်း (Rank Tie) ဖြစ်နေပါက အောက်ဖော်ပြပါ ဦးစားပေးသတ်မှတ်ချက် (Preference Criteria) တို့ဖြင့် ရွေးချယ်မည်ဖြစ်သည်။

၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်များမှ လျှောက်ထားသူများ (တိုင်းရင်းသားတော်လှန်ရေးတပ်တော်များ၊ PDF ၊ LPDF ၊ ပကဖ စည်ဖြင့်)

၂။ CDM ဝန်ထမ်းများ၏ သားသမီးများ

၃။ မြန်မာ့နွေဦးတော်လှန်ရေးကာလ အတွင်း Political Prisoners ဖြစ်နေသည့်/ဖြစ်ခဲ့သည် မိဘများ၏ သားသမီးများ ၊ ကျောင်းသူကျောင်းသားများ

အထက်ဖော်ပြပါအချက်များကိုထည့်သွင်းစဉ်းစားရာတွင် ကျောင်းသားကျောင်းသူ၏ ကိုယ်တိုင်ထုတ်ဖော် ပြောကြားချက်ပေါ်အခြေခံ၍ ကျွန်ုပ်တို့ တက္ကသိုလ်ကောင်စီမှ ဆက်သွယ်အတည်ပြုနိုင်သော အချက်အလက်များ ကိုသာ အဓိကထည့်သွင်းစဉ်းစားမည်ဖြစ်သည်။

လျှောက်ထားလာသော ကျောင်းသားကျောင်းသူများထဲမှ တက္ကသိုလ်ဝင်ခွင့်သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအား ဆေးတက္ကသိုလ်(၁)ရန်ကုန် တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့မှ အောက်ဖော်ပြပါ အဆင့်များအတိုင်း ဆောင်ရွက်ပြီး ရွေးချယ်သွားမည်ဖြစ်သည်။

(က) ကိုယ်ရေးအချက်အလက်များနှင့် ကိုယ်တိုင်ခံဝန်ချက်ဖောင်ဖြည့်သွင်းခြင်း

            ဝင်ခွင့်လျှောက်ထားသော ကျောင်းသူကျောင်းသားများသည် မိမိ၏ ကိုယ်ရေးအချက်အလက်များ၊ CDM ဆောင်ရွက်ခဲ့ပုံများ၊ တော်လှန်ရေးတွင်ပါဝင်ဆောင်ရွက်ခဲ့ပုံများကို မေးမြန်းသောဖောင်အား ဖြည့်သွင်းရမည် ဖြစ်ပြီး ဖြည့်သွင်းထားသော အချက်အလက်များမှန်ကန်ကြောင်းနှင့် တော်လှန်ရေးပြီးမြောက်ပြီးနောက်တွင် မြေပြင်တက္ကသိုလ်ပရဝုဏ်သို့လာရောက်၍ ဆက်လက်တက်ရောက်မည်ဖြစ်ကြောင်း ခံဝန်ချက် ရေးထိုးရမည် ဖြစ်သည်။

(ခ) ဆေးပညာသင်ယူရန် ရွေးချယ်ရသည့်အကြောင်း ကိုယ်တိုင်ရေးစာမူ (Motivation letter)

            ကျောင်းသားကျောင်းသူများသည် ဆေးပညာသင်ယူရန် ရွေးချယ်ဖြစ်ရသည့်အကြောင်းရင်းအား ရှင်းလင်းပြောကြားသော Motivation letter အား အင်္ဂလိပ်ဘာသာဖြင့် စာလုံးရေ (word) ၁၀၀၀ ထက်မပိုသော ပမာဏဖြင့် ရေးသားတင်ပြရမည်ဖြစ်သည်။

(က) နှင့် (ခ) အတွက်လမ်းညွှန်ကို ဤနေရာတွင်  သွားရောက်ကြည့်ရှူနိုင်ပါသည်။

(ဂ) စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးခြင်း

            တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့မှ ပဏာမရွေးချယ်ထားသော ကျောင်းသားကျောင်းသူများအား စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးရန်ခေါ်ယူသွားမည်ဖြစ်ပြီး လူတွေ့စစ်ဆေးခြင်းကို Zoom platform ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

မှတ်ချက်။ အထက်ဖော်ပြပါ အချက်အလက်များသည် ဝင်ခွင့်ရွေးချယ်ရေးလုပ်ငန်းစဉ်များအတွင်း  အဓိကကျသော အချက်များကိုသာဖော်ပြထားခြင်းဖြစ်သည်။ ဆေးတက္ကသိုလ်(၁)ရန်ကုန် တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့၏ အဆုံးအဖြတ်သည်သာ အပြီးအပြတ် အတည်ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမည့် ကျောင်းသားကျောင်းသူများသည် ဝင်ခွင့်လမ်းညွှန်စာအုပ်ပါ အချက်အလက်များကို သေချာစွာဖတ်ရှု၍ သဘောပေါက်နားလည်ထားရန် အထူးလိုအပ်ပါသည်။

ဆေးတက္ကသိုလ်(၁)ရန်ကုန်၏ ဝင်ခွင့်နှင့်သက်ဆိုင်သော အမေးများသော မေးခွန်းနှင့် အဖြေများကို အောက်တွင်ဖော်ပြထားရှိပါသည်။

မေးလေ့ရှိသော မေးခွန်းများနှင့် အဖြေများ

——————–

မေး – ၂၀၂၀ တက္ကသိုလ်ဝင်တန်းအောင် မဟုတ်ဘဲ ရှေ့နှစ်တွေ (၂၀၁၉၊ ၂၀၁၈ စသည်)က တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူတွေ၊ တော်လှန်ရေးမတိုင်မီ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး တက္ကသိုလ်တစ်ခုခုကို ဝင်ခွင့်ရရှိထားသူတွေ အခုခေါ်ယူတဲ့ တက္ကသိုလ်ဝင်ခွင့်မှာ ဆေးတက္ကသိုလ်(၁)ရန်ကုန် ကို လျှောက်ထားနိုင်ပါသလား။

ဖြေ – ကျွန်ုပ်တို့ ဆေးတက္ကသိုလ်(၁)ရန်ကုန် အနေဖြင့် ၂၀၂၀ ပြည့်နှစ် တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ ကိုသာ ဝင်ခွင့် လက်ခံခေါ်ယူသွားမည် ဖြစ်ပါသည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများအတွက် ဆေးတက္ကသိုလ် ဝင်ခွင့်များကို ၂၀၁၉ ခုနှစ်အတွင်း တက္ကသိုလ်ဝင်ခွင့် ခေါ်ယူပြီးစီးခဲ့ပြီး ၂၀၂၀ ဇန်နဝါရီ လတွင် ဆေးပညာဘွဲ့ကြို အခြေခံနှစ် သင်တန်း ကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ၂၀၂၀ ခုနှစ် အရှေ့ပိုင်းနှစ်များတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများနှင့် တော်လှန်ရေးမတိုင်မီ တက္ကသိုလ်တစ်ခုခုသို့ ဝင်ခွင့်ရရှိထားပြီးသူများသည် ယခု ခေါ်ယူသည့် ဝင်ခွင့်ကို လျှောက်ထားရန် အကျုံးဝင်ခြင်း မရှိတော့ပါကြောင်း ပြန်ကြားအပ်ပါသည်။

——————–

မေး – တက္ကသိုလ်ဝင်တန်းကို သိပ္ပံတွဲနဲ့ အောင်မှ လျှောက်လို့ရမှာလား။ ဝိဇ္ဇာတွဲ သမားတွေ မရဘူးလား။

ဖြေ – တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်များ အရ Biology (ဇီဝဗေဒ) ဘာသာပါဝင်သော သိပ္ပံ ဘာသာတွဲ ဖြင့် ဖြေဆို အောင်မြင်ထားသူများကိုသာ ကျွန်ုပ်တို့တက္ကသိုလ် မှ ဝင်ခွင့်လက်ခံမည်ဖြစ်ပါသည်။

——————–

မေး – တော်လှန်ရေးမတိုင်မီ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး တက္ကသိုလ်တစ်ခုခုကို ဝင်ခွင့်ရရှိထားသူတွေက ယခင်တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နဲ့ ရမှတ်တွေကို မသုံးဘဲ နိင်ငံတကာလက်မှတ်တွေ (IGCSE, GED) တွေသုံးပြီး အခုခေါ်ယူတဲ့ တက္ကသိုလ်ဝင်ခွင့်မှာ ဆေးတက္ကသိုလ်(၁)ရန်ကုန် ကို လျှောက်ထားနိုင်ပါသလား။

ဖြေ – လက်ရှိသတ်မှတ်ချက်များအရ လျှောက်ထား၍ မရနိုင်ပါ။ ယခုတက္ကသိုလ်ဝင်ခွင့်သည် ၂၀၂၀ ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး တော်လှန်ရေးကြောင့် တက္ကသိုလ်တက်ခွင့်မရရှိသူများနှင့် တော်လှန်ရေးကာလအတွင်း အထက်တန်းပညာပြီးမြောက်သူများအတွက် ဦးစားပေးဖွင့်လှစ်ခြင်းဖြစ်ပါသည်။ တော်လှန်ရေးကာလမတိုင်မီ တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့ပြီးသူများသည် မိမိတို့သက်ဆိုင်ရာတက္ကသိုလ်များ၏ ကြားကာလကောင်စီများ (သို့မဟုတ်) အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသို့ ဆက်သွယ်၍ ကြားကာလပညာရေးကို ဆက်လက်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ဝင်ခွင့်ဖောင်ကို ဖြည့်သွင်းရာတွင် ထိန်ချန်ထားခြင်းနှင့် မမှန်မကန်ဖြည့်သွင်းခြင်းများကို စိစစ်တွေ့ရှိပါက တက္ကသိုလ်ဝင်ခွင့်ရရှိပြီးစေကာမူ ဝင်ခွင့်ကို ရုပ်သိမ်းခြင်းခံရမည်ဖြစ်ကြောင်းလည်း အသိပေးအပ်ပါသည်။

——————–

မေး – ဆေးတက္ကသိုလ်ဝင်ခွင့်ရခဲ့ရင် အတန်းဘယ်လိုတက်ရမလဲ။ လက်တွေ့တွေကိုရော ဘယ်လိုသင်ကြားမလဲ။

ဖြေ – လက်ရှိမှာ ဆေးတက္ကသိုလ်(၁)ရန်ကုန်ရဲ့ သင်ကြားရေးကိစ္စရပ်များကို သင်ကြားရေးစီမံခန့်ခွဲမှုစနစ် (Learning Management System – Moodle) ကို အသုံးပြုပြီး online ကနေ သင်ကြားမှာဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတွေအနေနဲ့ သင်ခန်းစာများကို မိမိအဆင်ပြေတဲ့အချိန်မှာသင်ယူနိုင်တဲ့စနစ် (On-demend Lectures system) နဲ့ သင်ယူနိုင်မှာဖြစ်ပြီး သိရှိလိုတာတွေနဲ့ အပြန်အလှန်ဆွေးနွေးတာတွေကိုလည်း အွန်လိုင်းဆွေးနွေးမှုဖိုရမ် (Discussion Forum) များအသုံးပြုပြီးဆွေးနွေးဖြေကြားပေးမှာဖြစ်ပါတယ်။ လက်တွေ့သင်ခန်းစာများကိုတော့ လောလောဆယ်မှာ အွန်လိုင်းကသင်ကြားနိုင်တဲ့ အပိုင်းများကို ခေတ်မီသင်ထောက်ကူနည်းပညာများအသုံးပြုပြီး ဦးစွာသင်ကြားပေးသွားမှာဖြစ်ပါတယ်။ မြေပြင်မှာမဖြစ်နေသင်ကြားရမယ့် လက်တွေ့အပိုင်းများကိုတော့ မြေပြင်သင်ကြားရေးဌာနများ (သို့မဟုတ်) တော်လှန်ရေးအောင်မြင်ပြီးချိန် မြေပြင်တက္ကသိုလ်ပရဝုဏ်များမှာ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

——————–

မေး – လောလောဆယ်က အွန်လိုင်းကသင်မှာဆိုတော့ နယ်ကနေတက်လို့ရပေမယ့် တော်လှန်ရေးအောင်မြင်ချိန်မှာ မြေပြင်တက္ကသိုလ်ပရဝုဏ်ကို လာမတက်နိုင်ခဲ့ရင် ဘယ်လိုလုပ်လို့ရမလဲ။ နေထိုင်တဲ့နယ်နဲ့ နီးတဲ့ ဆေးတက္ကသိုလ်ကို ပြောင်းပြီး ဆက်တက်လို့ရမလား။

ဖြေ – ဝင်ခွင့်စတင်လျှောက်ထားကတည်းက ဝင်ခွင့်ဖောင်မှာ တော်လှန်ရေးအောင်မြင်တဲ့အချိန် မြေပြင်တက္ကသိုလ်ပရဝုဏ်ကို လာပြီး တက်ရောက်ရမယ်လို့ သတ်မှတ်ထားတာဖြစ်တဲ့အတွက် တော်လှန်ရေးအောင်မြင်ချိန်မှာ ကျွန်ုပ်တို့ ဆေးတက္ကသိုလ်(၁)ရန်ကုန်ရဲ့ မြေပြင်တက္ကသိုလ်ပရဝုဏ်ကို လာပြီး တက်ရောက်နိုင်မှသာ လျှောက်ထားဖို့ အကြံပြုလိုပါတယ်။ အကြောင်းတစ်စုံတစ်ရာကြောင့် အခြားဆေးတက္ကသိုလ်တစ်ခုခုကို ပြောင်းပြီး ဆက်လက်တက်ရောက်လိုတယ်ဆိုရင်တော့ အဲ့ဒီအချိန်မှာရှိတဲ့ တက္ကသိုလ်အသီးသီးရဲ့ ကျောင်းပြောင်းမူဝါဒများနဲ့ အညီ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အခုအချိန်မှာတော့ မည်သို့မျှ အတိအကျပြော၍ မရနိုင်ကြောင်း ဖြေကြားအပ်ပါတယ်။

——————–

မေး – GED မှာ ရမှတ် ၁၆၅ နှင့်အထက်နဲ့  ၁၄၅ နှင့်အထက် ဆိုတော့ ၁၆၅မှတ် နဲ့ ၁၄၅ မှတ်အတိ ရတဲ့သူတွေရော လျှောက်ထားလို့ရပါသလား။

ဖြေ – ရပါတယ်။

——————–

မေး – နိုင်ငံတကာလက်မှတ်တွေဖြစ်တဲ့ GED တို့ IGCSE တို့ က လက်မှတ်တွေကိုင်ထားတယ် အမှတ်လည်းမီတယ်ဆိုတဲ့သူတွေက မည်သူမဆိုလျှောက်ထားလို့ရပါသလား။

ဖြေ – တော်လှန်ရေးကာလမတိုင်မီ တက္ကသိုလ်ဝင်ခွင့်မှာ နိုင်ငံတကာလက်မှတ်တွေနဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခွင့်မပြုခဲ့ပါဘူး။ ယခု တော်လှန်ရေးကာလမှာတော့ အခြေအနေအရပ်ရပ်ကိုသုံးသပ်ပြီး နိုင်ငံတကာလက်မှတ်များနဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခွင့်ကို ခွင့်ပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာလက်မှတ်များနဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူများဟာ ၂၀၂၀ မတိုင်ခင် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီး တက္ကသိုလ်တစ်ခုခုကို ဝင်ခွင့်ရရှိထားသူနဲ့ တက်ရောက်နေသူများ မဖြစ်မှသာ ကျွန်ုပ်တို့ ဆေးတက္ကသိုလ်(၁)ရန်ကုန် ကို လျှောက်ထားခွင့်ရရှိမှာဖြစ်ပါတယ်။

——————–

မေး – GED နဲ့ IGCSE က ဖြေတော့ဖြေထားပြီ အမှတ်မထွက်သေးလို့၊ အဲ့တာ အရင် ဝင်ခွင့်လျှောက်ထားပြီး နောက်မှ အမှတ်စာရင်းတင်ပြလို့ရမလား။

ဖြေ – ဝင်ခွင့်ဖောင်တင်တဲ့အချိန်မှာ အမှတ်စာရင်းအထောက်အထားက တစ်ခါတည်းတွဲတင်ရတာဖြစ်တဲ့အတွက် အမှတ်စာရင်းမရှိထားရင်တော့ ဝင်ခွင့်လျှောက်ထားနိုင်မှာ မဟုတ်ပါဘူး။

——————–