ဆေးတက္ကသိုလ် (၁) ရန်ကုန် ယာယီတက္ကသိုလ်ကောင်စီ ဖြစ်ပေါ်လာပုံ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းချိန်မှစ၍ မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင်လက်အောက်သို့ ပြန်လည်ကျရောက်နေပြီး ဆရာဝန်၊ ဆေးပညာရှင်များအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် နေကြသောကာလ ဖြစ်ပါသည်။ စစ်အာဏာရှင်သည် အပြစ်မဲ့ပြည်သူများအား တရားမဲ့စွာ ဖမ်းဆီး ပစ်ခတ် အကြမ်းဖက်ရုံမျှမက ထိုပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ဆေးပညာရှင် များကိုလည်း နည်းမျိုးစုံဖြင့် တားမြစ်ခြင်း ဖမ်းဆီးခြင်းများ ပြုလုပ်လျှက်ရှိပါသည်။ ထို့အပြင် ဆေးတက္ကသိုလ်(၁) ရန်ကုန်ကိုလည်း မတရားသဖြင့် အုပ်စိုးကာ ဆေးပညာသင်ကြားရေးကို စစ်ဖိနပ်အောက်သို့ သွတ်သွင်းရန် ကြိုးပမ်းလျက်ရှိပါသည်။

ထိုသို့သော အချက်များကြောင့်

၁။        စစ်အာဏာရှင်နှင့် စစ်အာဏာရှင်လက်ပါးစေတို့အား ဆန့်ကျင်ရန်နှင့် ဆေးတက္ကသိုလ်(၁)အား စစ်အာဏာရှင်အုပ်စိုးမှုမှ ကာကွယ်ရန် ရည်ရွယ်၍လည်းကောင်း

၂။         တော်လှန်ရေးကာလအတွင်း ကျောင်းသားကျောင်းသူများအတွက် စဉ်ဆက်မပျက် ဆေးပညာ သင်ကြားရေးကို အာမခံနိုင်ရန် ရည်ရွယ်၍လည်းကောင်း

၃။        အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်၏ ဖယ်ဒရယ်ပညာရေးစနစ်ကို ရည်မျှော်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်တစ်ခုအဖြစ် အစပျိုးနိုင်ရန် ရည်ရွယ်၍လည်းကောင်း

၂၀၂၁ ခုနှစ် မေ(၁၇) ရက်နေ့တွင် ဤဆေးတက္ကသိုလ် (၁) ယာယီတက္ကသိုလ်ကောင်စီကို ဖွဲ့စည်းခဲ့ပါသည်။  ကျွန်ုပ်တို့ ဆေးတက္ကသိုလ် (၁) ယာယီတက္ကသိုလ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းညွှန်ချက်၊ ဒီမိုကရေစီပညာရေးဆိုင်ရာစံနှုန်းများ နှင့်အညီ လွတ်လပ်သော တက္ကသိုလ်ကောင်စီအဖြစ် ရပ်တည်၍ ‌ဆေးတက္ကသိုလ်(၁)၏ ကျောင်းသား၊ ဆရာနှင့် ဝန်ထမ်းများ၏ အကျိုး၊ နိုင်ငံသူနိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ဦးလည်မသုန် တစိုက်မတ်မတ် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိသစ္စာ ပြုပါသည်။