ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ တက္ကသိုလ်ဝင်ခွင့် (၂၀၂၄ ခုနှစ်) လျှောက်ထားရာတွင် ပြင်ဆင်ထားရမည့် အချက်များ (အဆင့် - ၂ အတွက်)
ဆေးတက္ကသိုလ်(၁)ရန်ကုန်၏ တက္ကသိုလ်ဝင်ခွင့် (၂၀၂၄ ခုနှစ်) လျှောက်ထားမည့် ကျောင်းသား/သူများသည် အောက်ပါအဆင့်(၃) ဆင့်ကို ဆောင်ရွက်ရမည်ဖြစ်သည်။
(၁) မြန်မာပညာရေးစနစ် (MES) တွင် စာရင်းသွင်းခြင်းနှင့် လျှောက်ထားမည့်ကျောင်းရွေးချယ်ခြင်း
(၂) ဆေးတက္ကသိုလ်(၁)ရန်ကုန်သို့ ကိုယ်ရေးအချက်အလက်များ၊ ပညာရေးအထောက်အထားများ၊ ခံဝန်ချက် များနှင့် ဆေးပညာသင်ယူရန် ရွေးချယ်ရသည့်အကြောင်း ကိုယ်တိုင်ရေးစာမူတို့ တင်သွင်းခြင်း
(၃) စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူခြင်း
ဤလမ်းညွှန်သည် အဆင့်(၂) – ဆေးတက္ကသိုလ်(၁)ရန်ကုန်သို့ ကိုယ်ရေးအချက်အလက်များ၊ ပညာရေးအထောက်အထားများ၊ ခံဝန်ချက်များနှင့် ဆေးပညာသင်ယူရန် ရွေးချယ်ရသည့်အကြောင်း ကိုယ်တိုင်ရေးစာမူတို့ တင်သွင်းခြင်း အတွက် ဖြစ်ပါသည်။
ဤအဆင့်အတွက် အချက်အလက်များဖြည့်သွင်းရန် Application Form Link သည် သက်ဆိုင်ရာ ကျောင်းသား/သူ၏ မြန်မာပညာရေးစနစ် (MES) ထဲတွင် ဖော်ပြပေးထားမည်ဖြစ်ပါသည်။ သတ်မှတ်ထားသော အချက်အလက်များကို သတ်မှတ်ထားသော ရက် ၊ အချိန် အတွင်း မှန်ကန် ပြည့်စုံစွာ ဖြည့်စွက် တင်သွင်းရပါမည်။
ကိုယ်ရေးအချက်အလက်များဖြည့်သွင်းခြင်း
(၁) မိမိ၏ကိုယ်ရေးအချက်အလက်များကို သတ်မှတ်ထားသည့် Application Form အတွင်း တိုက်ရိုက်ဖြည့်သွင်းရမည်ဖြစ်သည်။
(၂) မိမိ၏ လိုင်စင်ဓါတ်ပုံ တင်သွင်းရန်လိုအပ်သည်။
- ၃ လအတွင်း ရိုက်ကူးထားသော ကျောင်းသူကျောင်းသား ကိုယ်တိုင်၏ ဓါတ်ပုံဖြစ်ရမည်။
- မျက်နှာနှင့်နားရွက်ကို ရှင်းလင်းစွာ မြင်တွေ့ရပြီး နောက်ခံမှာ အရောင်ပြောင်ဖြစ်ရမည်။
- ဖုန်းကင်မရာဖြင့် ရိုက်ကူးမည်ဆိုပါက နောက်ခံပြောင် နံရံဖြင့်ရိုက်ကူးရန်ဖြစ်သည်။
- အလင်းရောင်ကောင်းစွာရှိရမည်။ အရိပ်ကျနေခြင်း မရှိစေရန် သတိပြုပါ။
- မျက်မှန်တပ်သည့်သူများ မျက်မှန်ကို ချွတ်၍ ရိုက်ကူးရန်ဖြစ်သည်။

ပညာရေးအထောက်အထားများတင်သွင်းခြင်း
(၁) မိမိ၏ ပညာရေးဆိုင်ရာအချက်အလက်များကို သတ်မှတ်ထားသည့် Application Form အတွင်းတိုက်ရိုက်ဖြည့်သွင်းရမည်ဖြစ်သည်။
(၂) ပညာရေးအထောက်အထားအနေဖြင့် မိမိ၏ အမှတ်စာရင်း ဖိုင်/ဓါတ်ပုံ တင်သွင်းရန် လိုအပ်သည်။
- အချက်အလက်များပြည့်စုံပြီး ကြည်လင်သော ဖိုင်/ဓါတ်ပုံဖြစ်ရန် လိုအပ်သည်။
၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူများ အနေဖြင့် အမှတ်စာရင်းတင်ပြရာတွင် ပူးတွဲဖော်ပြပါ နမူနာပုံစံများအတိုင်းတင်ပြနိုင်ရပါမည်။
အမှတ်စာရင်း စာမျက်နှာတစ်ခုလုံးအား ကြည်လင်ပြတ်သားစွာ မြင်တွေ့ရပြီး အမှတ်စာရင်းတွင် ဖော်ပြပါရှိသော အမည်၊ ခုံအမှတ်၊ ဘာသာရပ်ရမှတ်များကို ဖတ်ရှုနိုင်သော အနေအထားဖြစ်ရပါမည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] ကို ပြီးမြောက်ထားသူများသည် ပူးတွဲဖော်ပြပါ နမူနာပုံစံများအတိုင်း စစ်ဆေးအကဲဖြတ်ရလာဒ်မှတ်တမ်းဖြစ်စေ ၊ BECA Official Transcript ဖြစ်စေ တင်ပြ နိုင်ရပါမည်။ စစ်ဆေးအကဲဖြတ်ရလာဒ်မှတ်တမ်း / BECA Official Transcript စာမျက်နှာတစ်ခုလုံးအား ကြည်လင်ပြတ်သားစွာ မြင်တွေ့ရပြီး ဖော်ပြပါရှိသော အမည်၊ ID ၊ ဘာသာရပ်ရမှတ်များကို ဖတ်ရှုနိုင်သော အနေအထားဖြစ်ရပါမည်။

တိုင်းရင်းသား ပညာရေးအဖွဲ့အစည်းများ၊ နယ်စပ်ဒေသ အခြေစိုက် ပညာရေးအဖွဲ့အစည်းများ၊ အကြောင်း အမျိုးမျိုးကြောင့် နယ်စပ်ဒေသများသို့ ရွှေ့ပြောင်းအခြေချနေထိုင်ကြရသည့် ရွှေ့ပြောင်းလုပ်သားများနှင့် ရွှေ့ပြောင်းမိသားစုဝင်များအတွက် ဆောင်ရွက်နေသည့် ပညာရေးအဖွဲ့အစည်းများမှ အထက်တန်းပညာ ပြီးမြောက်အောင်မြင်ထားသူများသည် သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းများမှ ထုတ်ပြန်ပေးသည့် ပညာရေးဆိုင်ရာ အထောက်အထားများ တင်ပြနိုင်ရမည်။ (အထူးသဖြင့် ဘာသာရပ်ရမှတ်များ ဖော်ပြပါရှိသော ပညာရေးဆိုင်ရာ အထောက်အထားတစ်ခု မဖြစ်မနေ တင်သွင်းရမည်ဖြစ်ပါသည်။)
GED (General Education Development) စာမေးပွဲကို ဖြေဆိုအောင်မြင်ထားသူများသည် ပူးတွဲဖော်ပြပါ နမူနာပုံစံနှင့်ဆင်တူသည့် OFFICAL GED® TRANSCRIPT ကို တင်ပြနိုင်ရပါမည်။
- OFFICAL GED® TRANSCRIPT Document စာရွက်တစ်ခုလုံးကို ကြည်လင်ပြတ်သားရှင်းလင်းစွာမြင်ရသော အနေအထားဖြစ်ရပါမည်။
- Web Portal တွင်မြင်ရသည့် Online View Result အား လက်ခံမည် မဟုတ်ပါ။

IGCSE (International General Certificate of Secondary Education) စာမေးပွဲကို ဖြေဆို အောင်မြင်ထားသူများသည် OFFICAL IGCSE GRADE CERTIFICATE အပြည့်အစုံကို တင်ပြနိုင်ရပါမည်။
- OFFICAL IGCSE GRADE CERTIFICATE Document တစ်ခုလုံးကို ကြည်လင်ပြတ်သားရှင်းလင်းစွာမြင်ရသော အနေအထား ဖြစ်ရပါမည်။
- Grade ပါဝင်ခြင်းမရှိသော Document များအား လက်ခံမည် မဟုတ်ပါ။

ခံဝန်ချက်များ တင်သွင်းခြင်း
(၁) CDM ကျောင်းသား/သူဖြစ်ကြောင်း ကိုယ်တိုင်ခံဝန်ချက် နှင့် မြေပြင်တက္ကသိုလ်ပရဝုဏ်သို့ လာရောက်၍ တက်ရောက်မည်ဖြစ်ကြောင်း ခံဝန်ချက် တို့ တင်သွင်းရန်လိုအပ်ပါသည်။
(၂) အောက်တွင်ဖော်ပြထားသော နမူနာဖောင်ကို ကျောင်းသား/သူ၏ လက်ရေးဖြင့် ရေးသားပြီး ကျောင်းသား/သူ နှင့် အုပ်ထိန်းသူတို့ လက်မှတ်ရေးထိုး၍ scan ဖတ်၍ဖြစ်စေ၊ ဓါတ်ပုံရိုက်၍ဖြစ်စေ တင်သွင်းရန်ဖြစ်သည်။


(အထက်ပါ နမူနာဖောင်အတိုင်း ကျောင်းသား/သူ၏ လက်ရေးဖြင့် မိမိ၏ အမည်၊ လက်မှတ်ရေးထိုးသော ရက်စွဲ၊ မှတ်ပုံတင်အမှတ်(ရှိပါက) တို့ကို ဖြည့်သွင်း၍ လက်မှတ်ရေးထိုးရန်ဖြစ်ပါသည်။ အုပ်ထိန်းသူ အနေဖြင့်လက်မှတ်ရေးထိုးမည့်သူ သည် ဝင်ခွင့်လျှောက်ထားသော ကျောင်းသား/သူ နှင့် မည်သို့တော်စပ်သည်ကိုလည်း ဖော်ပြပေးရန်ဖြစ်ပါသည်။)
ဆေးပညာသင်ယူရန် ရွေးချယ်ရသည့်အကြောင်း ကိုယ်တိုင်ရေးစာမူ တင်သွင်းခြင်း
(၁) ဆေးပညာသင်ယူရန် ရွေးချယ်ရသည့်အကြောင်း ကိုယ်တိုင်ရေးစာမူကို အင်္ဂလိပ်ဘာသာဖြင့် စာလုံးရေ ၁၀၀၀ ထက်မပိုဘဲ ရေးသားတင်သွင်းရမည်ဖြစ်သည်။
(၂) Application Form အတွင်း တိုက်ရိုက်ရေးသား၍သော်လည်းကောင်း၊ Microsoft Word/Note အတွင်း ကြိုတင်ရေးသားထားပြီး ၎င်းကို Copy ယူ၍ ဖောင်အတွင်း Paste လုပ်၍သော်လည်းကောင်း တင်သွင်းနိုင်ပါသည်။
(၃) ကြိုတင်ရေးသားရာတွင် မိမိကိုယ်တိုင် ရေးသားရန်ဖြစ်သည်။ အခြားသူမှရေးသားပေးခြင်း၊ မှတ်ဥာဏ်တု (Artificial Intelligence) ကို အသုံးပြု၍ ရေးသားခြင်းများကို တားမြစ်ပါသည်။
ဓါတ်ပုံ၊ ပညာရေးအထောက်အထားနှင့် ခံဝန်ချက်များတင်သွင်းခြင်း
(၁) ဝင်ခွင့်လျှောက်ထားသော ကျောင်းသား/သူ၏ လိုင်စင်ဓါတ်ပုံ၊ အမှတ်စာရင်း(ပညာရေးအထောက်အထား)၊ CDM ကျောင်းသား/သူဖြစ်ကြောင်း ခံဝန်ချက်နှင့် မြေပြင်တက္ကသိုလ်ပရဝုဏ်သို့ လာရောက်၍ တက်ရောက်မည် ဖြစ်ကြောင်း ခံဝန်ချက်များ – စုစုပေါင်း (၄) ခု ကို Application Form အတွင်းသို့ တိုက်ရိုက် File Upload တင်သွင်းရမည်။
(၂) ထို့အပြင် Application Form၏ အဆုံးတွင်လည်း အထက်ပါ ဖိုင်/ဓါတ်ပုံ (၄) ခု ကို ကျွန်ုပ်တို့ ဆေးတက္ကသိုလ်(၁)ရန်ကုန်၏ သီးသန့် File Upload ပြုလုပ်ရန်နေရာသို့လည်း ထပ်မံတင်သွင်းပေးရန် လိုအပ်ပါသည်။



- Here ကို နှိပ်လိုက်ပါက ပုံ(က) သို့ ရောက်ရှိသွားမည်ဖြစ်သည်။ ဆေးတက္ကသိုလ်(၁)ရန်ကုန်၏ တံဆိပ်ပါဝင်သည်ကို သတိပြုစစ်ဆေးရန်ဖြစ်သည်။ Add files ကို နှိပ်၍ သက်ဆိုင်ရာ ဖိုင်/ဓါတ်ပုံကို ရွေးချယ်ပေးရမည်ဖြစ်သည်။ ဖိုင်/ဓါတ်ပုံထည့်သွင်းလိုက်ပါက ပုံ(ခ) သို့ ရောက်ရှိသွားမည်ဖြစ်သည်။
- ပုံ(ခ) ရှိ Your name နေရာတွင် ဝင်ခွင့်လျှောက်ထားသော ကျောင်းသား/သူ၏ MES ID ဖြည့်သွင်းရန် ဖြစ်သည်။ Your email address နေရာတွင် ကျောင်းသား/သူ၏ အီးမေးလ်လိပ်စာ ဖြည့်သွင်းရန်ဖြစ်သည်။ ဖောင်ဖြည့်သွင်းသော အီးမေးလ်လိပ်စာနှင့် တူညီရမည်။
- အားလုံးမှန်ကန်စွာဖြည့်သွင်းပြီးပါက Upload ကိုနှိပ်၍ အပြီးသတ်တင်သွင်းနိုင်ပါသည်။
- ဖိုင်/ဓါတ်ပုံ တင်သွင်းပြီးစီးကြောင်း ကျောင်းသား/သူ၏ အီးမေးလ်သို့ ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပြန်လည်၍ တင်သွင်းခြင်းအတည်ပြုသောအီးမေးလ် ပေးပို့မည်ဖြစ်သည်။
- စုစုပေါင်း ဖိုင် (၄) ခု တင်သွင်းရမည်ဖြစ်သည့်အတွက် အထက်ပါ အတိုင်း ဖိုင်တစ်ခုလျှင် (၁)ကြိမ်ဖြင့် စုစုပေါင်း (၄) ကြိမ် ပြုလုပ်ရမည်ဖြစ်သည်။